May 1, 2017

INTERNET of Things (IoT) ဆိုတာဘာလဲ။

sagaing
မျက်မောက်ခေတ်မှာ INTERNET ဆိုတာဘာလဲ...။ ဆိုတဲ့ မေးခွန်းကိုအထွေအထူးရှင်းပြနေစရာမလိုတဲ့ ခေတ်တစ်ခုကို ရောက်နေပါပြီ။  ယခင်က INTERNET ထဲမှာ ကွန်ပျူတာတွေချိတ်ဆက်ပြီး သတင်းအချက်အလက်တွေကို အပြန်အလှန်ပေးပို့ခဲ့ကြပေမယ့်၊ ယခုအချိန်မှာတော့ INTERNET ထဲမှာ ကွန်ပျူတာတစ်မျိုးတည်းနှင့် ချိတ်ဆက်ပြီး သတင်းအချက်အလက်တွေ ရယူတာ၊ ပြန်လည်ပေးပို့နိုင်တာ မဟုတ်တော့ပဲ၊ အခြားလျှပ်စစ်ပစ္စည်းတွေဖြစ်တဲ့ ဥပမာ၊ ဖုန်း၊ တီဗွီ၊ လေယာဉ်၊ ကား၊ ဆိုင်ကယ်၊ လက်ပတ်နာရီ စတာတွေနှင့်ပါ INTERNET ကိုချိတ်ဆက်ပြီး သတင်းအချက်အလက်တွေကို အပြန်အလှန်ပေးပို့နိုင်တာမျိုးကြောင့် INTERNET of Things (IoT) ဆိုတဲ့အခေါ်အဝေါ် ပေါ်ပေါက်လာရခြင်းဖြစ်ပါတယ်။  တကယ်တော့ INTERNET ဆိုတဲ့အခေါ်အဝေါ်ကို လူတော်တော်များများသိကြပေမယ့်၊ INTERNET of Things (IoT) ဆိုတဲ့အခေါ်အဝေါ်ကိုတော့ လူတော်တော်များများ ကြားဖူးချင်မှကြားဖူးပါလိမ့်မယ်။  IoT တွေထဲမှာ ကျွန်တော်တို့နှင့်ရင်းနှီးပြီးသား စက်ပစ္စည်းတစ်ခုဖြစ်တဲ့ ATM (Automated Teller Machine - ငွေထုတ်စက်) တွေဟာ အစောဆုံး IoT တစ်ခုဖြစ်ပါတယ်။

INTERNET ကိုချိတ်ဆက်တဲ့ ပစ္စည်းတွေ ဘာလို့များလာတာလဲ။
INTERNET ကိုကျွန်တော်တို့ စသုံးတဲ့အချိန်တုန်းက ယနေ့ခေတ်လို အလွယ်တကူသုံးလို့မရဘူး။  အိမ်မှာတပ်ဆင်ပြီးသုံးမယ်ဆိုရင်တောင် လျှောက်လွှာတင်ဖို့လည်းခက်သလို၊ စျေးနှုံးကလည်းကြီးပါတယ်၊  INTERNET Cafe မှာသွားသုံးမယ်ဆိုရင်တောင် အနည်းဆုံး တစ်နာရီကို ၅၀၀ လောက်ပေးရတယ်။  လက်ရှိအချိန်မှာတော့ INTERNET သုံးနိုင်ဖို့ အရမ်းလွယ်ကူတယ်၊ စျေးနှုံးလည်း သက်သာလာတယ်၊ သုံးတဲ့လူတွေလည်း များလာတယ်၊ အဲ့ဒါကြောင့် INTERNET ကွန်ယက်တွေလည်း တဖြည်းဖြည်းပိုပြီး ကျယ်ပြန့်လာတယ်။  ဒါတောင် ကမ္ဘာ့လူဉီးရေ တစ်ဝက်ကျော်လောက်က INTERNET မသုံးနိုင်ကြသေးဘူး။  သို့ပေမယ့် သုံးနိုင်တဲ့လူဉီးရေကတော့ တစ်နှစ်ထက်တစ်နှစ် တိုးလာတယ်။  ကမ္ဘာ့မှာ INTERNET အသုံးပြုနိုင်တဲ့ စာရင်းဇယားကို Wiki ထဲက ဒီနေရာမှာ ကြည့်နိုင်တယ်။ ကျယ်ပြန့်လာတဲ့ INTERNET နည်းပညာဟာ ကျွန်တော်တို့ရဲ့ လူမှုဘဝပုံစံတွေထဲမှာ မရှိလျှင် မဖြစ်တဲ့အရာတစ်ခုလို တဖြည်းဖြည်း ဖြစ်လာတယ်။  လူမှုဘဝပုံစံထဲမှာ မရှိမဖြစ်အရာတစ်ခုဖြစ်လာတဲ့ INTERNET ဟာ လူမှုဘဝပုံစံထဲက အခြားမရှိမဖြစ်အရာတွေနှင့် ပေါင်းစပ်၊ ချိတ်ဆက်လိုက်တဲ့အခါမှာ ပိုမိုခေတ်မှီသွားပြီး၊ အခြား များပြားတဲ့အကျိုးကျေးဇူးတွေကြောင့် လူမှုဘဝထဲက ပစ္စည်းတွေနှင့်ပေါင်းစပ်၊ ချိတ်ဆက်ပြီး တဖြည်းဖြည်းဖန်တီး သုံးစွဲလာခဲ့ကြတာဖြစ်တယ်။  ဥပမာ ယခင်က ဖုန်းကို အဝေးတစ်နေရာမှာရှိတဲ့ လူအချင်းချင်း စကားပြောဆိုဖို့ရန်ဖန်တီးခဲ့ပေမယ့်၊ မျက်မောက်ခေတ်မှာတော့ Smart Phone ဆိုပြီး IoT ပစ္စည်းတစ်ခုအနေနှင့် မြင်တွေ့နိုင်ပါတယ်။  Smart Phone တစ်လုံးရဲ့ အကျိုးကျေးဇူးတွေက အများကြီးဖြစ်ပါတယ်။  အခုဆိုရင် INTERNET ကိုချိတ်ဆက်နိုင်တဲ့ကားတွေလည်း မြင်တွေ့နိုင်ပါတယ်။  ကားတစ်စင်းဟာ INTERNET ကိုချိတ်ဆက်ထားတယ်ဆိုရင် နေရာတစ်ခုကနေ အခြား နေရာတစ်ခုကိုသွားတဲ့အခါမှာ အမြန်ဆုံးရောက်နိုင်မယ့်လမ်းကြောင်းကို ရှာဖွေပေးနိုင်မယ်၊ မိမိရပ်မယ့်နေရာမှာ ကားပါကင်ရနိုင်မရနိုင် အလွယ်တကူသိနိုင်မယ်၊ ကားမှတဆင့် ဖုန်းခေါ်ဆိုနိုင်မယ်၊ စာပို့နိုင်မယ်၊ နောင်အနာဂတ်မှာဆိုရင် ကားကို Self-Driving အလိုလျှောက်မောင်းနှင်စေနိုင်မယ်။  စသည့်ဖြင့် INTERNET ကို အခြားအရာတွေနှင့် ချိတ်ဆက်လိုက်ခြင်းဖြင့် ရလာတဲ့အကျိုးကျေးဇူးတွေပဲဖြစ်တယ်။  နောက်ပြီးမီးဖိုခေျာင်သုံး ပစ္စည်းတစ်ခုဖြစ်တဲ့ Coffee Maker ကို INTERNET ချိတ်ဆက်ထားနိုင်ပြီး၊ ဖုန်းကတဆင့် သတ်မှတ်ထားတဲ့အချိန်မှာ ကော်ဖီဖျော်ဖို့ လုပ်ဆောင်နိုင်တယ်၊ မိမိသောက်ချင်တဲ့ ကော်ဖီအရသာပုံစံစတာတွေလည်း သတ်မှတ်နိုင်တယ်။  စသည့်ဖြင့် IoT အရာဝတ္ထုပစ္စည်းတွေ လူမှုဘဝပုံစံတွေထဲမှာ တဖြည်းဖြည်းတိုးပွားလာတယ်။

IoT နှင့် Smart ဖြစ်သည့် အရာများ
Smart ဆိုတာနှင့်ပတ်သက်ပြီး Smart Phone, Smart Watch, Smart Home, Smart City စသည်ဖြင့် ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အမြဲလိုလို ကြားနေရတဲ့ Smart ဆိုတာတွေဟာ တကယ်တော့ IoT ပဲဖြစ်ပါတယ်။  နောင်အနာဂတ်မှာဖြစ်လာမယ့် Smart Word ကို Libelium ကပုံဖေါ်ထားတာကို အောက်ပါပုံလေးမှာ တွေ့မြင်နိုင်ပါတယ်။

IoT နှင့် အဖွဲ့အစည်းများ
လက်ရှိအချိန်မှာ IoT နှင့်ပတ်သက်တဲ့ပစ္စည်းတွေကို အဖွဲ့အစည်းတွေတော်တော်များများက နယ်ပယ် အသီးသီးအတွက် ဖန်တီးထုတ်ထားတဲ့ ပစ္စည်းတွေကို စျေးကွက်ထဲမှာ တွေ့မြင်နိုင်ပါတယ်။  ကျမ္မာရေးသုံး၊ မီးဖိုချောင်သုံး၊ ဆေးရုံဆေးခန်းသုံး၊ ဘဏ်လုပ်ငန်းသုံး စသည့်ဖြင့် နယ်ပယ်အသီးသီးမှာ မြင်တွေ့နိုင်ပါတယ်။  IoT နှင့်ပတ်သက်တဲ့ ပစ္စည်းတွေကို ဖန်တီးလုပ်ဆောင်နေတဲ့ ကုမ္ပဏီကြီးတွေထဲမှာ အောက်ဖေါ်ပြပါ ကုမ္ပဏီကြီးတွေက အဓိကထင်ရှားပါတယ်။

Honeywell (HON)HitachiT-Mobile (TMUS)Comcast (CMCSA)
GE (GE)AT&T (T)Cisco (CSCO)IBM (IBM)
Amazon (AMZN)Skyworks (SWKS)Apple (AAPL)Sierra Wireless (SWIR)
Google (GOOGL)Iridium Communications (IRDM)Ambarella (AMBA)ARM Holdings (ARMH)
Texas Instruments (TXN)PTC (PTC)
Fitbit (FIT)
ORBCOMM (ORBC)
Garmin (GRMN)Blackrock (BLK)InvenSense (INVN)Microsoft (MSFT)
Control4 (CTRL)Silicon Laboratories (SLAB)CalAmp (CAMP)LogMeIn (LOGM)
InterDigital (IDCC)Ruckus Wireless (RKUS)Linear Technology (LLTC)Red Hat (RHT)
Nimble Storage (NMBL)Silver Spring Networks (SSNI)Zebra Technologies (ZBRA)Arrow Electronics (ARW)
(BusinessInsider မှ ဇယားဖြစ်ပါတယ်။)

IoT နှင့်ပတ်သက်တဲ့ Platform များ
လက်ရှိစျေးကွက်ထဲမှာ အောက်ဖေါ်ပြပါ IoT Platform တွေကိုမြင်တွေ့နိုင်ပါတယ်။

  • Amazon Web Services
  • Microsoft Azure
  • ThingWorx IoT Platform
  • IBM's Watson
  • Cisco IoT Cloud Connect
  • Salesforce IoT Cloud
  • Oracle Integrated Cloud
  • GE Predix
(BusinessInsider မှ ဖြစ်ပါတယ်။)

Amazon Web Services (AWS) ကတော့ လူသုံးများတဲ့ Platform တစ်ခုဖြစ်ပါတယ်။

သတင်းအချက်အလက် လုံခြုံရေး
လူမှုဝန်းကျင်မှာရှိနေတဲ့ အရာတွေတော်တော်များများက INTERNET ကိုချိတ်ဆက်ပြီး လုပ်ဆောင်ကြတဲ့အခါမှာ သတင်းအချက်အလက် လုံခြုံရေးဟာ တကယ့်ကိုအရေးပါလာပါတယ်။ အဲ့ဒါကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေကလည်း နည်းဥပဒေတွေသာမက၊ နည်းပညာတွေနှင့်ပါ ကာကွယ်မှုတွေကို လုပ်ဆောင်ထားကြပါတယ်။ သုံးစွဲသူတွေအနေနှင့်ကလည်း မိမိကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ယုံကြည်စိတ်ချရတဲ့အဖွဲ့အစည်းဟုတ်မဟုတ် စိစစ်ပြီးမှ မှတ်ပုံတင်တာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

IoT Ecosystem
အောက်ပါပုံကတော့ IoT ရဲ့ ecosystem ပုံဖြစ်ပါတယ်။ Matt Turck Blog ကပုံဖြစ်ပါတယ်။  ဒီပုံထဲမှာ နယ်ပယ်အသီးသီးမှာ IoT နှင့်ပတ်သက်တဲ့ ပစ္စည်းတွေကို ဖန်တီးထုတ်လုပ်နေတဲ့ အဖွဲ့အစည်းတွေကို မြင်တွေ့နိုင်ပါတယ်။

အခြားဆက်စပ်လင့်ခ်များ
A Simple Explanation of IoT
What is the Internet of Things (IoT)?

မှတ်စုရေးသူအကြောင်း

sagaing / Software Engineer

နာမည်အရင်းမှာ လှိုင်မင်းထက်ဖြစ်ပြီး၊ ကိုစစ်ကိုင်းဆိုသည့် နာမည်ပြောင်နှင့် မိတ်ဆွေ၊ သူငယ်ချင်းများက ရင်းနှီးစွာခေါ်ကြပါသည်။ ယခင်ကမြန်မာနိုင်ငံတွင် သင်ကြားရေး နှင့် Software Development လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး၊ ယခုလက်ရှိမှာ စင်ကာပူနိုင်ငံရှိ နည်းပညာကုမ္ပဏီတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေပါသည်။

0 ခုမှတ်ချက်ပေးထားတယ်။:

Post a Comment

ကိုစစ်ကိုင်း၏ မှတ်စုများ. Powered by Blogger.